Friday, July 17, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ


       
၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစ    အချိန်။ ကမ္ဘာ့  ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။

ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့် ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသား ချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီး တဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀မှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။



ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အား ထက်သန်သလောက် ပြည့်ဝအောင် ရှာဖွေမဖတ်ရှုနိုင်ခဲ့။

     ၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေ အနှစ်နှစ် အလလ က တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်း စာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်း သုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီိနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင် “ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ ) ပုဒ်မှာမူ ရေးသူ အမည် မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ်တိုင် ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများ ပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာ ကိစ္စများ”ကိုတွေ့  ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှ အစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့် ပြန့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ် တွင် ဦးသန့် ၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှု စိတ်ဓာတ်တို့ ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏ 




နောက်ထပ် ဥပမာ တ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။    အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏ အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့် မှန်းလို့ ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။ “ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။
ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏ သဘောသကန်ကို ဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာ အလုပ် လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့် ပညာရေးဖြစ်ကြောင်း ဖွင့်ဆိုချက်ဖြစ်၏။



   နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့် တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်း တတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည် “ကျောင်းးသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာ ပါဝင်ရမည်” ဟူသည့် အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့ နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ  မြုင့်တင်ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့ သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန် လာစေ ရမည်၊ ခေတ်အလိုက် လူ့ လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။
* * * * * * *



“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့လေ့လာလို့ ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခု စလုံး လေ့လာခွင့်ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ အခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏  စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်ရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့်     နတ်မောက်မြို့ အိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေး အကြောင်းကိုရေး၏။              ရေးပုံရေးနည်း က ဆန်းသည်။
ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့ စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ၀ဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နောက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့  နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့ အုပ်ရိုး အစရှိသည်တို့ ကို      တဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင်မြို့ ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။     ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီး တနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့ ရှေ့ မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီး တအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ့ မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက် အဖွဲ့ အနွဲ့ တချို့ ကိုလည်း ထင်းထင်းပြက်ပြက် တွေ့ ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏ စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇာတ်ကောင်တဦးနှင့် ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့် သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျနော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်း တကြောင်းကို တွေ့ ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။
* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ် ဘာသာပြန် အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆိုရသူ၏ အရည်အချင်းပေါ် မူတည်ပြီး အောင်မြင်သော စာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန် ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိ သတိဖြစ်ခဲ ဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန် ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ ထိ နိုင်သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော် တပြိုင်နက်တည်း ဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်ဝ နိုင်ခဲ့ရှာပါ။



၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံ သတ်ဖြတ်မှု ကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘ၀ကိုစာရေးသူတဦး၏ ဘ၀နှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။ 



Monday, July 13, 2015

မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များ



သက္ကရာဇ် ၁၂၁၉ - ခုနှစ်တွင် မင်းတုန်းမင်း တရားကြီးသည် မန္တလေးတောင် အနီး မြေကောင်း မြေမြတ် လက္ခဏာနှင့်ပြည့်စုံ၍ လူမျိုးစုံတို့၏ မျက်စိကိုဆွဲဆောင်နိုင်သော မြို့၏ တန်ဆာလက္ခဏာတို့ဖြင့် ခြံရံကာ အထူးထူးသော ရတနာတို့နှင့် ပြည့်စုံ၍ လူမျိုးစုံကုန်သည်တို့၏ စုဝေးပေါင်းစုံရာ ဖြစ်သော ရတနာပုံမည်သော ရာဇဌာနီ မင်း နေပြည်တော်ကြီးကို တည်ထောင်တော်မူသည်။

မင်းတုန်းမင်းတရားကြီးသည် တရားကို မြတ်နိုး၍ တရားကိုကျင့်သော ဓမ္မစာရီဖြစ်တော်မူသဖြင့် တိုင်းသူ
 ပြည်သားတို့သည်လည်း တရားတော်ကို မြတ်နိုးခင်တွယ် စင်ကြယ်သော ဓမ္မစာရီများ ဖြစ်ကြကုန်သည်။ ထို့ကြောင့် ရဟန်း သံဃာများနှင့် ပြည်သူအပေါင်းတို့က နှစ်ထောင်းအားရ ၀မ်းမြောက်ကြလျက်
သာသနာတော်ကြီးသည်လည်း နေလို လလို ထွန်းလင်းပြောင်ခဲ့ရလေသည်။



မင်းတုန်းမင်းတရားကြီး၏ တောင်ညာစံ မိဖုရားခေါင်ကြီးသည်လည်း ကုသိုလ်တရားတို့ကို အမြဲအားထုတ်၍ ပိဋကတ်ကျမ်းစာများကို
အမြဲမပြတ် သံအံကျက်မှတ်တော်မူလေ့ ရှိသည်။
    သက္ကရာဇ် ၁၂၃၀ ပြည့် ပြာသိုလမှစ၍ မင်းတုန်းမင်းတရားကြီး
သည် ဘုရားဟော ပါဋ္ဌိတော် အဌကထာဋီကာ ကျမ်းများကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေးဖြင့် ရေးသားပြီးလျှင် ပိဋကတ်တိုက်တော်သို့
သွင်းတော်မူ သည် ။ ပေစာတို့ မည်သည်ကာ လျင်မြန်စွာ
ပျက်စီးတတ်သော သဘောရှိရကား သာသနာ ၅၀၀၀ ကာလ
တိုင်အောင် တည်တံ့စေခြင်းငှာ မင်းအဆက်ဆက် မပြုလုပ်ဖူးသော စကျင်တောင်မှ ဖြစ်သည့် သလင်းကျောက်ဖြူတော် များကို
တူးဖော်ခွဲစိတ်ချောမွတ် စေ၍ ရွှေနန်းတော်အတွင်း၌
တန်ဆောင်းကြီး ဆောက်လုပ်ပြီးလျှင် ကျမ်းတက် ကျမ်းပြုသီလ သမာဓိနှင့် ပြည့်စုံတော် မူသော အရှင်ဇာဂရာဘိဝံသ တိပဋဓရ မဟာဓမ္မရာဇာဓိရာဇဂုရု၊ ဘုရားကြီးဆရာတော် အရှင်နရိန္ဒာဘိသီရိသဓမ္မ ဇောတိ ပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု၊ ဆီးဘန်းနီဆရာတော်အရှင်သုမင်္ဂလသာမိ သီရိပ၀ရမဏိဓဇ ရာဇာဂုရု ဆရာတော် သုံးပါးနှင့်တကွ အတွင်းဝန် ခန်းပတ် မြို့စားကြီး မဟာဥဇနာ၊ ယောမြို့စားကြီး မင်းလှမဟာစည်သူ၊ သံတော်ဆင့် မိုင်းခိုင်း မြို့စား မဟာသီရိဇေယျသူ၊ သံတော်ဆင့် နေမျိုးရာဇစည်သူတို့ကို စာပြင်ဆင်မှု၌ အကြီးအမှူး ပြုလုပ်စေ၍ ( ၅ ) နှစ်ကျော် ထုလုပ်စေပြီးလျှင်၊ ၀ိနည်းငါးကျမ်း ပါဋ္ဌိတော် ကျောက်ချပ်ရေ ( ၂၀၈ ) ချပ်တို့ကို ကုသိုလ်တော်မဟာလောကမာရဇိန် ဘုရား အတွင်း၌ အုတ်ပြသာဒ်ဂူ ( ၇၂၈ ) လုံးကို တည်၍ ကျောက်ချပ်တို့ကိုထည့်သွင်းပြီးလျှင် သေလက္ခရ ကျောက် ထက်အက္ခရာ တင်ထား ကိုးကွယ်တော်မူခဲ့သည်။


    သက္ကရာဇ် ၁၂၃၃ ခု၊ နှောင်းတန်ခူးလဆုတ် ၁၀ ရက်နေ့တွင် မန္တလေးရွှေမြို့တော်မှ ဆရာတော်
သံဃာတော် အပါး ( ၂၄၀၀ ) ကို စာပြန်ဆိုရန် အပိုင်းကဏ္ဍခွဲခြားထား၍ လေ့ကျက်ထားစေသော
ဆင်စွယ်တံဆိပ်တော်ရ ဆရာတော် အပါး ( ၆၂၀ )တို့သည် ကိုယ့်အပိုင်းနှင့်ကိုယ် စုပေါင်းညီညာရွတ်ဆိုသဖြင့် ပဉ္စမ သင်္ဂါယနာ တင်ပွဲကြီးကို ဆရာဒကာ ညီညွတ်စွာဖြင့် အောင်မြင်ပြီးမြောက် ဆင်နွှဲခဲ့ကြပါသည်။

    ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် ကုသိုလ်တော်၌သာ မွေ့လျော်တော်မူသည့်အတိုင်း
 မြန်မာပြည် အနှံ့ သာသနာ့ကျက်သရေကို ဆောင်နိုင်သော ဘုရားတန်ဆောင်း ဂူကျောင်း ပြသာဒ်
အရပ်ရပ်တို့ကိုလည်း လှူဒါန်းတော် မူသည်။


မန္တလေးတောင်စောင်းတန်းတော်ကြီးနှင့် တောင်ပေါ်ရှိ ရွှေရပ်တော်ကြီးဘုရား၊ မဟာသကျ မာရဇိန်
 ကျောက်တော် ကြီး ဘုရား၊ အရှေ့စန္ဒာမုနိဘုရား၊ လောကမာရဇိန် ကုသိုလ်တော်စေတီတော်ကြီး၊
ရန်ကင်းတောင်ခြေ၊ ထူပါရာမကျောက်စေတီတော်၊ ဘုရားပွင့်တော်မူရာ အိန္ဒိယမဇ္စျိမဒေသ ဗောဓိပင်အနီးတွင် ( ၆ ) ခန်းတွဲ အုတ်ဇရပ်ကြီး ဆောက်လုပ်လှူဒါန်းခြင်း၊ တူရကီနိုင်ငံမကာမြို့၌စတုဒိသာတည်းခိုရန် အုတ်ဇရပ်ကြီး၊ စကုမြို့ စက်တော်ရာ ပါဒစေတီတွင် ရွှေဆိုင်း ( ၇၀၀၀ ) ကျော် မွမ်းမံဆောက်လုပ်သည့် ပြာသာဒ်ကြီး၊ မန္တလေး သုဓမ္မာဇရပ်တော်ကြီး ပဋ္ဌာန်းဟော သိမ်ဇရပ်တော်ကြီး၊ မန္တလေး မဟာဝိဇရာယာမ တိုက်တော်ကြီးအတွင်း၌ အတုမရှိ အုတ်ကျောင်းတောင်ကြီး၊ မန္တလေး တောင်ခြေ၌ ပိဋကတ်တိုက်တော်ကြီး၊ မဟာအတုလ ဘုံစံ ရွှေကျောင်းတော်ကြီး၊ ကျောင်းအရံ ၂၀ ကျော်နှင့်တကွ မဟာ ဇောတိကာရာမတိုက် ရတနာ ဘုံစံကျောင်းတော်၊ ရှမ်းကလေးကျွန်းတွင် ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်၊ ကုသိုလ်တော် ဘုရား ပတ်လည်တွင် အုတ်ဇရပ်တော် ၃၆ ဆောင်၊ မြို့တော်အတွင်း ပြည်သူပြည်သားတို့ ဥပုသ်စောင့်ရန် ဇရပ်တော် ၁၁ ခု၊ မြို့တံခါး ၁၂ ရပ်တွင် ဆောက်လုပ်ထားသည့် တရားတင်းကုတ် ၁၂ ခု စသည့် လှူဒါန်းထားသော ဇရပ် တန်ဆောင်းတို့မှာများပြားလှပေသည်။

ထို့အပြင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သက္ကရာဇ် ၁၁၃၆ ခု၊ တပေါင်းလပြည့်နေ့
 ( 15.3.1775 ) က ဆင်ဖြုရှင်မင်းကြီး၏ ရွှေထီးတော်သည် ၉၅ နှစ်အကြာကာလ၌ ဟောင်းနွမ်းချို့ယွင်း လာခဲ့ သဖြင့် ထီးတော်အသစ် လဲလှယ်တင်လှူရန် အခါအခွင့် သင့်ပြီဖြစ်ကြောင်း ရန်ကုန်မြို့နေ
ဆရာတော် သံဃာတော် အရှင် သူမြတ်များ ဘဏ္ဍာတော်ထိန်း အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့နေ ဂုဏ်သရေရှိ
ပုဂ္ဂိုလ်ကြီးများ ညှိနှိုင်း တိုင်ပင် ကာ မိမိတို့ အင်အားဖြင့် ထီးတော်သစ်တင်လှူရန် မဖြစ်နိုင်သောကြောင့်
ရတနာပုံ မန္တလေးနေပြည်တော်မှ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးထံသို့ သံတော်ဦးတင်
 လျှောက် ထားခဲ့ကြလေသည်။
မင်းတုန်းမင်းတရားကြီးသည် ဗြိတိသျှအာဏာပိုင်များ၏ မြန်မာဘုရင်ကိုယ်တိုင် ထီးတော်တင်ခွင့်မရှိ
ဟူသော ဆုံးဖြတ်ချက်ကို ဘာသာရေးသာသနာရေးကိစ္စဖြစ်၍ ခွင့်လွှတ်လက်ခံခဲ့ပြီး ဘုံခုနှစ်ဆင့်ပါသော ထီးတော် သစ်ကြီး ကို သံချက်ဝန်ပညာသိဒ္ဓိကျော်သူ ဦးမှို အား ကြီးကြပ်ဆောင်ရွက်စေခဲ့ရာ ၁၈၁၇ ခုနှစ်၊
 အောက်တိုဘာလ ၂ ရက်နေ့ တွင် အောင်မြင်ပြီးစီးခဲ့သည်။


မင်းတုန်းမင်းတရားကြီး လှူဒါန်းသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေထီးတော်သစ်ကြီသည်ဘုံ ခုနှစ်ဆင့် အနက် အောက်ဆုံးပထမဘုံသည် အချင်း ( ၁၄ပေ၊ ၉ လက်မ ) ကျယ်၍ အမြင့်( ၂ပေ၊ ၆ လက်မ )
ရှိသည်။ ဘုံဆင့် များသည် အထက်သို့မြင့်လေ ကျဉ်းမြောင်းသွာလေဖြစ်ရာထိပ်ဆုံး သတ္တမဘုံသည် အချင်း ( ၃ ပေ၊ ၄ လက်မခွဲ ) ကျယ်၍ အမြင့်( ၂ ပေ၊ ၆ လက်မ ) ရှိသည်။ထီးတော်သစ်ကြီးကို ရွှေသားအချိန် ( ၂၀၂၂၂၉ ) ကျပ် ( ၄ ) မူးသားဖြင့် ပြုလုပ် ထားပြီးန၀ရတ်ကိုးပါးနှင့် ကျောက်ကောင်း၊ ကျောက်မြတ်များ အလုံးပေါင်း ၃၆၄၁၁ လုံး ပါဝင်ပါသည်။
မင်းတရားကြီးသည် မင်း၊ မိဖုရားစုံညီစွာဖြင့် ရွှေနန်းတော်ကြီးအတွင်း၌ ထီးတော်သစ်ကြီးကို ကြည်ညို ပူဇော်ပြီး ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။ ( ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီး၏အရှေ့ မြောက်ဘက်တွင် မင်းတုန်းမင်းကြီးကုသိုလ်ဖြစ်သော ထီးတော်ဟောင်းကြီးကို တွေ့မြင်နိုင်သည်။ ) ထီးတော်သစ်ကို ပုပ္ပါး ၀န်ထောက် မင်းကြီး မဟာမင်းကျော်မင်းထင် ဦးဆောင်သောထီးတော်ပင့်ဆောင် တင်လှူ ရေး အဖွဲ့အား မန္တလေးနေပြည်တော်မှ အင်္ဂလိပ်တို့သိမ်းပိုက်ထားသော အောက်မြန်မာပြည် ရန်ကုန်မြို့သို့ ရေနန်းစကြာ သင်္ဘောဖြင့် ပင့်ဆောင်စေပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၈၇၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အောင်မြင်စွာတင်လှူ စေခဲ့ပါကြောင်း ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များကို
မှတ်တမ်းပြု တင်ပြ အပ်ပါသည်။

မင်္ဂလာဝင်း



မြန်မာ့မြေ

Friday, July 10, 2015

ကေတုမတီ သမိုင်းတန်ဖိုး တစ်ခု



ဤသမိုင်းအချက်အလက် အချို့ကို ဖော်ပြပေးဖြစ်သည်မှာ တောင်ငူ ဒေသခံ လူငယ်များ ကိုယ့်ဒေသ ကိုယ့်ရပ်ဆိုင်ရာ အသိတစ်ခု ရစေ ရန်နှင့် မရောက်ဖူး မကြူံဖူးသေးသော 
စာဖတ်သူ မိတ်ဆွေများ လည်း ကိုယ့်နိုင်ငံဒေသ တစ်ခု၏ သမိုင်းပုံရိပ်တစ်ခုကို 
သိရှိစေရန်အတွက် ဖြစ်ပါသည်။ အချို့လည်း သိရှိပြီးသား၊ အချို့က သိရှိသော်လည်း 
အမှုမဲ့ အမှတ်မဲ့၊ အချို့လည်း လုံးလုံး မသိသူများ ဖြစ်ပါလိမ့်မည်။

ရန်ကုန်ဘက်မှာ ယခင်အဝေးပြေး လမ်းမကြီး အတိုင်း လာသောအခါ တောင်ငူမြို့တွင် 
မြို့တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှိသည့် ကစားကွင်းနေရာခန့်မှ ရန်ကုန် မန္တလေး အဝေးပြေးလမ်းမနှင့် အပြိုင် တောင်မြောက်တန်းနေသည့် ကားလမ်းမနှင့် ကပ်ရပ် 
အနောက်ဘက်တစ်လျှောက်တွင် လူနေတိုက်တာများ ရှိသည်။ ထို တိုက်တာများ၏ 
အနောက်တွင် ( ပုံပါ အတိုင်း ) ရေကန်များမှာ အကန့်အကန့်ဖြင့် ရှိပြီး ကန့်လန့်ဖြတ် ကားလမ်းများမှာ ရပ်ကွက်အလိုက် အရှေ့အနောက် ပိုင်းထားပါသည်။

ထိုအရာများ ကန်ငယ်များကို သမိုင်းဆိုင်ရာ လေ့လာမှု စာပေလေ့လာမှု အားနည်းသော လူငယ်အချို့၏ အမြင်တွင် တမင်တကာ တူးဖော်ထားသော ရေကန်များ၊ တချို့ကလည်း ငါးကန်များဟု ယူဆယုံမှတ်နေကြသည်မှာ အများအပြား ပင် ဖြစ်သည်။ စင်စစ် အပိုင်းပိုင်းဖြစ်နေသော ထိုကန်များမှာ ရှေးကာလ က မြို့တော်တစ်ခု တည်ရာတွင် မြို့တော်၏ အရံအတား အသက်သွေးကြော ဖြစ်သော ရှေးခေတ်ကျုံးရာပင် ဖြစ်သည်။

တောင်ငူ မြို့သည် မန္တလေးမြို့ ကဲ့သို့ ကျုံးနှင့်တွဲလျက် မြို့ရိုး စသဖြင့် မရှိတော့ခြင်း 
ကျုံးများမှာလည်း အထူးတလည် ထိန်းသိမ်း ပြုပြင်စောင့်ရှောက်မှု မရှိကြ မလုပ်ကြခြင်း၊ ထို့အတူ လူငယ်အများစုမှာလည်း သမိုင်း ဆိုင်ရာ လေ့လာမှု စိတ်ဝင်စားမှု
 အားနည်းကြခြင်း စသည့်အချက် များ တို့ကြောင့် ဤ ကန်များကို တောင်ငူနယ်တ၀ိုက်ရှိ လူအများစုမှာ ကျုံး မှန်း မသိကြပါ။အမျိုးသား ယဉ်ကျေးမှုဆိုင်ရာ၊ နေရာဒေသ တစ်ခု၏
 ရှေးဟောင်း ကျုံး ရာ တခု ဖြစ်သည် ဆိုသည်ကို လူအများ ထိုက်သင့်သလိုက် သိသင့်သလောက် သိရှိကြစေရန် ဤစာစုကို တင်ပေးဖြစ်ပါသည်။

တောင်ငူခေတ်တွင် ဘုရင့်နောင်မင်းတရားကြီးကဲ့သို့ စစ်သည်ရဲမက်တို့ 
အင်အားကောင်းမွန်သော အချိန်တွင် ယိုးဒယားသို့ တိုက်ခိုက်သိမ်းပိုက်နိုင်သော 
အချိန်များ ရှိသကဲ့သို့ပင် ယိုးဒယားဘက်မှ ဗြနရဇ် ဘုရင်မှလည်း မြန်မာတို့၏ တိုင်းနိုင်ငံ အတွင်း ယခု တောင်ငူထိတိုင် လာရောက်ဝန်းရံ ပိတ်ဆို့ပြီး သိမ်းပိုက်ရန် 
လုပ်ကြံခဲ့သည်။ သို့သော် မြို့တွင်း အစီအမံကောင်းခြင်း၊ စားရေရိက္ခာ ပြည့်ဝ 
လုံလောက်ခြင်း ( ဥပမာ - မြို့ အနောက်တောင်ထောင့်တွင် မြို့ရိုးအတွင်း 
အမြော်အမြင်ကြီးစွာဖြင့် ထည့်သွင်းထားသော ကန်တော်ကြီး တည်ရှိခြင်း )၊ 
စစ်သည်လက်နက်အင်အား တောင့်တင်းခြင်း၊ မြို့ရိုးထုထည် ခိုင်မာခြင်း၊ မြို့ရိုးကို 
ထပ်ဆင့် ကာကွယ်သည့် ကျုံးကြီးများ ရေပြည့်ရေလျှံ၍ နက်ခြင်း၊ ကျယ်ခြင်းတို့ကြောင့် ယိုးဒယားတပ်များမှာ ထိရောက်အောင် မတိုက်နိုင်ပဲ ရှိခဲ့သည်။ ထို့နောက် မြို့တွင်းမှ
 မြန်မာတပ်များမှ ထွက်၍ အပြင်းအထန် တိုက်ထုတ်သောကြောင့် ယိုးဒယားတပ်များ 
ဆုတ်ခွာထွက်ပြေးကြရကြောင်း ရှေးမှတ်တမ်း သမိုင်း အရပ်ရပ်တွင် 
ထည့်သွင်းရေးသားထားပါသည်။

မြန်မာ့သမိုင်းတွင် ရှေးဘုရင်များ ထီးနန်းစိုက်ရာ ထင်ရှားသော မြို့ကြီးများ အနေ ဖြင့်
 မြောက်ဦး၊ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ သထုံ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ 
အမရပူရနှင့် မန္တလေး ဟူ၍ ရှိခဲ့ရာ တောင်ငူ၊ အင်းဝနှင့်မန္တလေးသာလျှင် ရှေးခေတ် 
သမိုင်း အထောက်အထား လက်ရာအနေဖြင့် မြို့ရိုးနှင့် ရေ ရှိသေးသော ကျုံးများ ထင်ထင်ရှားရှား ကျန်ရှိ ပါတော့သည်။ ကျုံးများပြီးလျှင် ဒုတိယအရန်အတား ဖြစ်သော 
အုတ်မြို့ရိုးနေရာမှာမူ လုံးဝမကျန်ရှိတော့ပါ။ 
ရန်ကုန် - နေပြည်တော် - / ရန်ကုန် - မန္တလေး ရထားဖြင့် သွားဖူးသူများ အနေဖြင့် သိသာ မြင်သာအောင် ရေးသားရလျှင် ရန်ကုန်ဘက်မှ တောင်ငူ ဘူတာ ၀င်အပြီးမှ 
စ၍ ရထား ဖြတ်လာသော လမ်းတစ်လျှောက် မြောက်ဘက် မြို့အထွက်ထိ ရထား
ခုတ်မောင်းသော သံလမ်း သည် တောင်ငူမြို့၏ အရှေ့ဘက် ရှေးခေတ်မြို့ရိုးနေရာပင်
 ဖြစ်ပါသည်။ တောင်ငူဘူတာ သည် လည်း မြို့ရိုးနေရာပေါ်တွင် တည်ရှိသည်။
 ဗြိတိသျှတို့ သိမ်းပိုက်သောကာလတွင် ဤသို့ မြို့ရိုး အကြွင်းအကျန် များကို ဖျက်၍ 
လည်းကောင်း၊ ၎င်းတို့ လိုသလို အသုံးချကာ ဒေသခံတို့ အမျိုးသားရေးစိတ်၊ 
ဇာတိမာန်စိတ် တက်ကြွ သတိ ရစေမည့် သမိုင်းဝင် အဆောက်အအုံမှန်သမျှ
 ပျောက်ကွယ်ရန်လည်း ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သမိုင်း 
ပညာရှင်တို့ သုံးသပ်ယူဆကြသည်။ ထိုသို့ဖြိုဖျက်ရန် ကန်ထရိုက် ယူသူများမှာ
 လူမျိုးခြား များဖြစ်ကြောင်းကိုလည်း မြန်မာ့အသံကျော်ဦး ရေးသားသော တောင်ငူ
သမိုင်းစာအုပ်တွင် ရေးသားဖော်ပြပါသည်။

ဗိုလ်မှူး ဖိုးကွန်း လမ်းထောင့်ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ အမြင့်ဆုံးကျန်ရှိသော
 မြို့ရိုး အကြွင်းအကျန်ပေါ်တည့်တည့်တွင် တည်ဆောက်ထားခြင်းပြီး တောင်ငူမြို့၏
 ထူးထူးခြားခြား မြင့်မားနေသော ကုန်းမြင့်ဖြစ်နေသည်ကို ယနေ့တိုင် တွေ့ရပါမည်။
ယခုခေတ်တွင် မြို့ကွက်မှာ ပုံပါအတိုင်း အရှေ့ဘက်စစ်တောင်းမြစ် တစ်ဘက်ကမ်း
အထိ တည်ရှိပြီး တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် လူနေရပ်ကွက်များ 
ပိုမိုဖြစ်တည် လာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်က မင်းကြီးညို တည်ခဲ့သော ယခုထိတိုင်
 လေးထောင့်စပ်စပ်၊ စတုရန်းကျကျ ရှိနေသော ရှေးမြို့ဟောင်း၏ သမိုင်းဝင် ကျုံးရာကိုမူ 
ပုံတွင် မြင်ရသည့် အတိုင်း အထင်အရှား တွေ့မြင်ရပါသည်။


✍ မြန်မာ့မြေ 



Thursday, July 9, 2015

မြန်မာပြည်သား ကမ္ဘာ့ခေါင်းဆောင်၏ မိန့်မှာစကား



"တိုင်းပြည်အုပ်ချုပ်ရေး စနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်လေသည်။ 
ဒီမိုကရေစီ အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဥာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်။ 
အသိဥာဏ် ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် 
ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဆင်ခြင်တုံတရားကို သုံးနိုင်ကြရမည်။ 

ပညာရေးသည် နိုင်ငံရေး၏ အခြေခံအစစ် ဖြစ်၏။"

ဦးသန့် ( ဗမာသစ်နှင့်ပညာသစ် )

ဦးသန့်


ဦးသန့်၏ ဓာတ်ပုံမှတ်တမ်းတစ်ခု 

( အလယ်မှ ပုဂ္ဂိုလ်မှာ ၀န်ကြီးချုပ် ဦးနု ) 

တောင်ငူ သမိုင်းပုံရိပ်အချို့ 


ဒုတိယကမ္ဘာစစ်အတွင်းက ကျူးကျော်ဝင်ရောက်လာသော ကူမင်တန် တရုတ်ဖြူ တပ်များ၏ မြေလှန်မီးရှို့စနစ်အရ တောင်ငူရွှေဆံတော် 
ဘုရားကြီး အပါအ၀င် မြို့တစ်မြို့လုံးနှင့်အတူ ပျက်စီးသွားသော သာသနိက အဆောက်အအုံများအနက် ဈေးလမ်း၊ ရွှေဆံတော်ဘုရားကြီး
 မြောက်ဘက်ရှိ ပြည်ကျောင်းကြီး ဖြစ်ပါသည်။ နှစ်သက်တမ်းမှာ ရာကျော်ပြီ ဖြစ်သည်။ ကျောင်းကြီးအား ဆောက်လုပ်လှူဒါန်းသော 
ဒကာမှာ ဦးထွန်း ဖြစ်ပြီး မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခဟောင်းတစ်ဦး ဖြစ်သူ ဆရာဦးချမ်းမြ ( မြကေတု ) ၏ အဘိုး ဖြစ်သည်။


မြန်မာ့မြေ 

ကမ္ဘာကျော် လီဒိုလမ်းမကြီး


လီဒိုလမ်းမကြီးကို ၁၉၄၂၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ဖောက်လုပ်သည်။ ၁၉၄၃၊ အောက်တိုဘာလတွင် အမေရိကန် အင်ဂျင်နီယာတပ်မှ 
ဗိုလ်မှူးချုပ်လူးဝစ်အေပစ် ခေါင်းဆောင်ကွပ်ကဲကာ တပ်မတော်သား အရပ်သားများ ပူးပေါင်း ဖောက်လုပ်ခဲ့ကြသည်။ ဤလမ်းသည် အမေရိကန်ဒေါ်လာ ၃၇ သန်းကုန်ကျပြီး ၁၉၄၅ ခု ဇန်န၀ါရီလတွင် ပြီးစီးသည်။ လီဒိုရွာကလေးမှ နေ၍ မြန်မာနိုင်ငံအတွင်းသို့ ပတ်ကွိုင်တောင်တန်းကို
 ဖြတ်၍ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့သို့တိုင် ပေါက်ရောက်သည်။ ထိုမှ တရုတ်မြန်မာ လမ်းမကြီးနှင့် ဆက်စပ်သွားသော လမ်းဖြစ်သည်။ လီဒိုရွာမှ နေ၍ ဖောက်လုပ်သောကြောင့် လီဒိုလမ်းမကြီးဟု ခေါ်တွင်ခဲ့သည်။
ဤလမ်းမကြီးသည် အကျယ်ပေ ၃၀ ရှိ၍ မိုင် ၁၀၃၀ ရှည်ပြီး တံတားပေါင်း ၇၀၀ ရှိသည်။ တောတောင်မြစ်ချောင်းများကြား ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရာ ငှက်ဖျားဒဏ်၊ ရာသီဥတုဒဏ်နှင့် ရန်သူဂျပန်တို့၏ လက်ချက်ကြောင့် လူပေါင်း ၁၀၀၀ ခန့်မျှ သေဆုံးခဲ့သည်။
လီဒိုလမ်းမကြီးကို ဖောက်လုပ်ရခြင်း အကြောင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယမှ တရုတ်ပြည်သို့ အရေးကြီးသည့် စစ်ကိရိယာ ပစ္စည်းများ သယ်ပို့နိုင်ရန် ဖြစ်သည်။ ဤလမ်းမကြီး ဖောက်လုပ်ရန် အကြံပေးသူ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက် စတီးဝဲလ်ကို အကြောင်းပြု၍ လီဒိုလမ်းကို စတီးဝဲလ်လမ်းဟုလည်း ခေါ်ဝေါ်ခဲ့သည်။
ယခုအခါ ဤလီဒိုလမ်းမကြီးမှာ တိမ်ကောလျက် ရှိလေပြီ။

Ref: မျိုးညွှန့် ( ရန်ကုန်တက္ကသိုလ် )
----------------------------------------




မြန်မာ့မြေ 

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော် ( တောင်ငူခေတ် ) မှ နန်းတော်တိုင်


 [ ပဲခူး - ကမ္ဘောဇသာဒီနန်းတော် ]

( ပဲခူးမြို့အနီး ဘုရင့်နောင် မင်းတရားကြီး၏ နန်းတော်ရာ ပြန်လည် တူးဖော်ရာမှ မြေအောက်မှထွက်လာသော အပိုင်း၊ 
နန်းတော်တည်ဆောက်ရာတွင် အသုံးပြုသော သစ်တိုင်ကြီးများကို တိုင်းနိုင်ငံ အနှံ့ လက်အောက်ခံ မင်းညီမင်းသား၊ မြို့စား နယ်စား များမှ ဒေသ အလိုက်ခုတ်လှဲ ဆက်သရပြီး ထိုသစ်လုံးတိုင်များ အသီးသီးတွင် ဆက်သရာ ဒေသနှင့် ဆက်သသူ ရာထူးဘွဲ့၊ အမည်အား တပါတည်း ရေးထိုးထားသည် )
* ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက်တွင်လည်း ဘုရင့်နောင် မင်းတရားကြီး၏ နန်းတော်ရာ မြေအောက်မှ 
တူးဖော်ရရှိသော သစ်လုံးအပိုင်း တစ်ချို့ကို ပြသထားပါသည်။



Popular Posts