Wednesday, July 27, 2016

ရာဇပလ္လင် သီဟာသန



ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပြသထားသည့် သီဟာ သနပလ္လင်တော်ကိုမြင်ရတိုင်း မြန်မာဘုရင်များ နန်းစံခဲ့စဉ်က နန်းတော်တွင် ထား ရှိခဲ့သည့် ပလ္လင်ကိုးခုအနက် ယခုတိုင်ကျန်ရှိနေသည့် ပလ္လင်တစ်ခုဖြစ်ကြောင်း သတိ မူနိုင်ကြပေသည်။
သီဟာသနသည် ပါဠိဝေါဟာရ သီဟနှင့်အာသနကို ပေါင်းစပ်ထားသည့် စကား လုံးဖြစ်ပြီး သီဟသည်ခြင်္သေ့၊ အာသနသည်နေရာဟု အနက်ရှိသဖြင့် သီဟာသန သည် ခြင်္သေ့(ခံထားသော)နေရာဟု အဓိပ္ပာယ်ရသည်။
ပလ္လင်သည် ပါဠိဝေါဟာရ ပလ္လင်္ကမှ ဆင်းသက်လာသည့်စကားလုံးဖြစ်ပြီး မြန်မာ အဘိဓာန်တွင် ပလ္လင်ကို မြင့်မြတ်သောပုဂ္ဂိုလ်တို့ထိုင်ရန် ပြုလုပ်ထားသောခုံမြင့်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသဖြင့် သီဟာသနပလ္လင်သည် မြင့်မြတ်သော(ဘုရင်)ထိုင် သည့် ခြင်္သေ့ရုပ်ခံထားသော ထိုင်ခုံမြင့်ဟု ဆိုရပေမည်။ ဆွမ်းတော်တင်ထားသော စားဖွယ်များကိုစွန့်သည့် သစ်သားစင် သို့မဟုတ် အုတ်ခုံငယ်ကိုလည်း သင်ပုတ်စင်၊ ပလ္လင်ဟုလည်း ခေါ်ကြသည်။
မြန်မာ့စွယ်စုံကျမ်း၌ ကျမ်းဂန်များတွင် ပလ္လင်ခြောက်ခန်းရှိပြီး မင်းဧကရာဇ်တို့ ထိုင်သော ရာဇပလ္လင်ရှစ်မျိုးရှိကြောင်း ဖော်ပြထားသည်။ ပလ္လင်ခြောက်ခန်းသည် မြတ်စွာဘုရားပွင့်တော်မူရာ အပရာဇိတပလ္လင်၊ ဗြဟ္မာမင်းတို့ထိုင်သော ကမလာသန ခေါ် ကြာပလ္လင်၊ နတ်တို့ထိုင်သော ဓိဗ္ဗာသနပလ္လင်၊ လူမင်းတို့ထိုင်သော ရာဇပလ္လင်၊ တရားသူကြီးတို့ထိုင်သော အဋ္ဋကရနပလ္လင်၊ ဓမ္မကထိကတို့ထိုင်သော ဓမ္မာသန ပလ္လင်များ ဖြစ်ကြသည်။
ဘုရားရှင်ထိုင်တော်မူသော အပရာဇိတပလ္လင်သည် ရှေ့နောက် လက်ဝဲလက်ယာမှ တက်ရောက်နိုင်သည့် ပလ္လင်လုံးဖြစ်ပြီး ရာဇပလ္လင်သည် မာရဘင်တွင်ကပ်၍ တစ် ခြမ်းသာရှိသည်။ မာရဘင်ဟူသည် နန်းဆောင်တွင် ကြမ်းပြင်မှအမိုးအထိ ပိတ်ဆီး ထားသော အကာအရံဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုပြီး ပလ္လင်၏ မာရ ဘင်သည် နောက်ခံအကန့်(ကန့်လန့်ဖြတ်ခန်းဆီး) ဖြစ်သည်။ ရာဇပလ္လင်များ၏ မာရဘင်တွင် တံခါးပေါက်ပါရှိပြီး ဘုရင်နှင့်မိဖုရားတို့သည် ပလ္လင်ပေါ်သို့ အနောက် ဘက်မှ တက်ရောက်ကြရသည်။
ပလ္လင်တွင်ခံထားသော အရုပ်ကိုစွဲ၍ မှည့်ခေါ်သည့် ပလ္လင်အမည်ရှစ်မျိုးရှိပြီး ပလ္လင်များထားရှိရာနေရာ ကိုးဌာနရှိသဖြင့် 'ပလ္လင်ရှစ်ခန်း ရွှေနန်းကိုးဆောင်'ဟု ခေါ်ဆိုကြသည်။ ရှင်ဘုရင်တို့ အပူဇော်ခံရာတွင် သုံးစွဲသည့် ခြင်္သေ့ရုပ်ခံထားသော ယမနေသားပလ္လင်ကို သီဟာသနပလ္လင်ဟု ခေါ်ဆိုပြီး ပိတုန်းရုပ်ခံကာ ကရဝေးသား ဖြင့်ပြုလုပ်ထားသည့် ဘမယာသနပလ္လင်ကို စက်တော်ခေါ်ရာတွင် အသုံးပြုသည်။ ပဒုမ္မာကြာပွင့်ခံထားသည့် ပဒုမ္မာသနပလ္လင်ကို သရက်သားဖြင့်ပြုလုပ်ကာ ကန် တော့ခံရာတွင် အသုံးပြုသည်။ ဝတ်ပြုရာတွင်သုံးသည့်ပလ္လင်သည် ဟံသာသန ပလ္လင်ဖြစ်ပြီး သင်္ကန်းသားဖြင့်ပြုလုပ်ကာ ဟင်္သာရုပ်ခံထားသည်။ ထို့အတူပင် ဂဇာ သနပလ္လင်ကို ဆင်ရုပ်ခံပြီး စကားသားဖြင့်ပြုလုပ်ကာ လက်ဆောင်တော်ခံယူရာ တွင်လည်းကောင်း၊ သင်္ခါသနပလ္လင်ကို ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့်ပြုလုပ် ကာ တရားစီရင်ရာတွင်လည်းကောင်း၊ မိဂါသနပလ္လင်ကို သမင်ရုပ်ခံ၍ ရေသဖန်းသား ဖြင့်ပြုလုပ်ကာ အလှူတော်ရေစက်ချရာတွင်လည်းကောင်း၊ မယုရာသနပလ္လင်ကို ဥဒေါင်းရုပ်ခံလျက် ပေါက်သားဖြင့်ပြုလုပ်ကာ ကန်တော့ပန်းသိမ်းရာတွင်လည်း ကောင်း အသုံးပြုလေ့ရှိခဲ့သည်။
ပလ္လင်ရှစ်ရပ်တွင် သီဟာသနပလ္လင်ကို မြေနန်းပြသာဒ်နှင့် လွှတ်တော်ဇေတဝန် ဆောင်၊ ဘမယာသနပလ္လင်ကို မှန်နန်းဆောင်၊ ပဒုမ္မာသနပလ္လင်ကို အနောက်ဇေတ ဝန်ဆောင်၊ ဟံသာသနပလ္လင်ကို အရှေ့ဇေတဝန်ဆောင်၊ ဂဇာသနပလ္လင်ကို ဗြဲတိုက် ဆောင်၊ သင်္ခါသနပလ္လင်ကို လေသာဆောင်၊ မိဂါသနပလ္လင်ကို တောင်စမုတ်ဆောင်နှင့် မယုရာသနပလ္လင်ကို မြောက်စမုတ်ဆောင်တွင် ထားရှိသည်။ ပလ္လင်ရှစ်ရပ်သာရှိ သော်လည်း သီဟာသနပလ္လင်ကို နှစ်နေရာထားရှိသဖြင့် ပလ္လင်ရှစ်ခန်း ရွှေနန်း ကိုး ဆောင်ဟု ဖြစ်လာခဲ့သည်။
မင်းဧကရာဇ်တို့ထိုင်သော ရာဇပလ္လင်များသည် ပလ္လင်အနိမ့်အမြင့် ပမာဏကို မူတည်၍ အမြင့် ၁၆ တောင်ရှိသော မဟာပလ္လင်၊ အမြင့်ရှစ်တောင်ရှိသည့် မဉ္ဇိမ ပလ္လင်နှင့် အမြင့်လေးတောင်ရှိသော စူဠပလ္လင်ဟူ၍ သုံးမျိုးကွဲပြားသည်။ ရာဇပလ္လင် တစ်ခုတွင် ခြင်္သေ့၊ ဆင်ပျံ၊ လောကနတ်၊ ဒေါင်းမြီးယပ်၊ ဆင်နား၊ တံခါးတိုင်၊ သိကြား၊ ကိန္နရာ၊ သမ္မာဒေဝ၊ ခြူး၊ ကြာ၊ ဦးဆောက်ပန်းဟူသည့် နေရာ ၁၂ ခု ပါဝင်သည်။
ကေသရာခြင်္သေ့မင်း၏ သန်မြန်ခြင်း၊ ဝင့်ြ<ွကားခြင်း၊ အရပ်ကိုးမျက်နှာကို မြူးတူး ခုန်လွှား ကြုံးဝါးလျက် ရန်အပေါင်းကို နှိမ်နင်းနိုင်သည့်နိမိတ်ကို ဖော်ညွှန်းလျက် ရာဇပလ္လင်အောက်ခံခုံနှင့် ဥကင်ဝဲယာနှစ်ဖက်တွင် ခြင်္သေ့ရုပ်ကို ထုလုပ်ကြသည်။ ဥကင်သည် ရာဇပလ္လင်၏ အထွတ်နေရာဖြစ်ပြီး ဆင်ပျံနှင့် လောကနတ်ရုပ်များကို လည်း ဥကင်၏ဝဲယာတွင် ထုလုပ်ကြသည်။ ထိုသို့ ထုလုပ်ခြင်းတွင် နောက်ခံ ရာဇဝင် အကြောင်းခံရှိသည်။ ကေသရာခြင်္သေ့သည် ရွှေဂူမှထွက်လာစဉ် မိမိအစာဖြစ်သည့် တိမ်ညွန့်နှင့်ပတ်သက်၍ ကောင်းကင်ပျံဆင်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ခြင်္သေ့သည် ဆင်ပျံ၏ ဦးကင်းကိုနင်းလျက် နှာမောင်းကိုစုတ်ယူနေစဉ် လောကနတ်သည် ရန်ပွား နေကြသည့် ခြင်္သေ့နှင့်ဆင်ပျံကိုမြင်ပြီး ခြေတွင် စည်းစုပ်တီးလျက် သီချင်းသီခဲ့သည်။ လောကနတ်၏ သာယာသော ကခုန်ရွှင်မြူးသံကြောင့် ခြင်္သေ့နှင့်ဆင်ပျံတို့ ရန်ငြိမ်း ခဲ့ကြပုံကို အစွဲပြုလျက် လောကနတ်ခြေတွင် စည်းစုပ်နှင့်ကဟန်၊ ဆင်ပျံဦးကင်းကို ခြင်္သေ့က နင်းလျက် နှာမောင်းကိုစုတ်ဟန် ထုလုပ်ကြသည်။
ရာဇပလ္လင် ဥကင်ဝဲယာနှစ်ဖက်တွင် ဒေါင်းမြီးယပ်ကိုထားရှိခြင်းသည် တင့်တယ် လှပသည့် ဘုရားလောင်းဥဒေါင်းမင်းကို မင်းခြောက်ဆက်တို့က ကျော့ကွင်းထောင် ဖမ်းယူခဲ့သော်လည်း သစ္စာအာနုဘော်ကြောင့် ဖမ်းဆီး၍မရသည့် နိမိတ်ကိုယူကာ ဒေါင်းမြီး၏ တင့်တယ်လှပမှုကို ဖော်ညွှန်းခြင်း ဖြစ်သည်။ ထို့အတူ ဥကင်ဘေးနှစ်ဖက် တွင် ဆင်ကိုးမျိုးထက်မြတ်သော ဆဒ္ဒန်ဆင်မင်းကို အစွဲပြုလျက် ဆင်နားနှင့် သ္ဌာန် တူ ထုလုပ်ထားသည်။ ဥကင်၌ မုခ်တံခါးရှိသဖြင့် တံခါးတိုင်ပြုလုပ်ထားပြီး ဘုရားရှင် ၏ ၁ဝ၈ ကွက် စက်လက္ခဏာတော်တွင် တစ်ခုအပါအဝင်ဖြစ်သော တံခါးတိုင်ကို ဖော်ညွှန်းထားပေသည်။ ရာဇပလ္လင် ဥကင်တိုင်နှစ်ခု၏ အထက်အောက်တွင် စတု မဟာရာဇ်နတ်မင်းကြီးလေးပါး ဒူးတစ်ဖက်ထောင်၊ ဒူးတစ်ဖက်ချ ထိုင်နေပုံကို ထု လုပ်ထားကြောင်း တွေ့ရှိနိုင်သည်။
မင်းဧကရာဇ်တို့၏ တုရင်ဗိမာန်အား သိကြားမင်း ၃၃ပါး စောင့်ရှောက်သည့် အဓိပ္ပာယ် ဖြင့် ရာဇပလ္လင်တွင် သိကြားရုပ်များကို ထည့်သွင်းထုလုပ်ကြရသည်။ မြန်မာအဘိ ဓာန်တွင် တုရင်ကို ပြာသာဒ်အထောင့်အချိုးတို့တွင် ထောင်လျက်တပ်ဆင်ထားသော အပြောက်အမွမ်းတစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ရာဇပလ္လင်၏ ဝဲယာနှစ်ဖက်တွင် ပဒုမ္မာကြာပွင့်ခံ၍ သားမြီးယပ်စွဲကိုင်ထားသော သိကြားရုပ် ၁၆ ရုပ်စီနှင့် တုရင် ဗိမာန်တွင် သိကြားမင်းတို့၏အကြီးအကဲ မာတလိရုပ်ကို ထားရှိသည်။ မာတလိရုပ်၏ နဖူးပြင်တွင် မှန်တိုင်ရှိပြီး မှန်တိုင်သည် နတ်မင်းက လူမင်းကို ဆုံးမသြဝါဒပေးခြင်းကို ဖော်ညွှန်းထားပုံကို ရွှေဘုံနိဒါန်းတွင် 'သာသနာကိုစောင့်ထိန်း၍ မကောင်းသသူကို မကောင်းလျောက်၊ ကောင်းသသူကို ကောင်းလျောက် ချီးမြှောက်နှိမ့်ချခြင်း၌ မှန် ကန်တော်တည့်ဖြောင့်မတ်စွာ အကျွန်ုပ်ကဲ့သို့ ပြုတော်မူ၊ အမှတ်ပေးခြင်းငှာ မြတ် သောမင်းကြီး၊ တရားနှင့်ညီသဖြင့် ပြည်ကို ကောင်းစွာစောင့်ရှောက်မတော်မူလော့၊ အကျွန်ုပ်၏နဖူးပြင်၌ ရွှေမှန်တိုင်ကို ရှုတော်မူလော့ဟု ဆုံးမပေးခြင်း၊ နိမိတ်ပြုသော ကြောင့် တုရင်ဗိမာန်တွင် သိကြားရုပ်၏နဖူးနှင့်အမျှ ရှေ့က မှန်တိုင်စိုက်ထားလေ သည်'ဟု ရှင်းလင်းဖော်ပြထားသည်။
ပန်းဝတ်ဆံကိုစားလေ့ရှိပြီး နူးညံ့သော အမူအရာရှိသည့် ကိန္နရာတို့သည် မြတ်စွာ ဘုရားပွင့်တော်မူသည့်နေ့တွင် ကခုန်မြူးတူးခဲ့ကြသည့် နိမိတ်ပုံကိုယူလျက် ရာဇ ပလ္လင်တွင် ကိန္နရာရုပ်ကို ထည့်သွင်းထုလုပ်သကဲ့သို့ နတ်ကောင်းနတ်မြတ်များစောင့် ရှောက်သည့် နိမိတ်ပုံကိုယူလျက် သမ္မာဒေဝနတ်ရုပ်ကိုလည်း ထည့်သွင်းထုလုပ် သည်။ ဘီလူးတို့သည် ခြူးသူကို ကြောက်ရွံ့သဖြင့် ပင်လယ်သမုဒ္ဒရာကူး သင်္ဘော များ၏ ဦးထိပ်တွင် ခြူးသူ၊ ခြူးရုပ်များ ထားရှိခဲ့ကြသည်။ ရာဇပလ္လင်များတွင် ခြူးသူ တို့၏ အဝတ်အဆင်တန်ဆာများကို ရည်ညွှန်းလျက် ခြူးပန်း၊ ခြူးနွယ်များကိုလည်း ကောင်း၊ ကျက်သရေရှိစွာ ပွင့်လန်းခြင်းကို ရည်ညွှန်းလျက် ကြာကိုလည်းကောင်း ထည့်သွင်း ထုလုပ်သည်။ ခြူးပန်းများ၏အလယ်၌ မင်္ဂလာပန်းအဖြစ် ဦးဆောက်ပန်း ကို တစ်ပင်လျှင် တစ်ခက်၊ တစ်ပွင့်စီ ချိတ်ဆွဲထားသည်။ ဦးဆောက်ပန်းသည် မင်္ဂလာ ပန်းဖြစ်သဖြင့် မင်းတို့စီးသည့် မြင်းရထားဦးတွင် ဦးဆောက်ပန်းပုံသ္ဌာန်ကို ထုလုပ်စိုက်ထူထားလေ့ရှိသည်။
အဓိပ္ပာယ်ပြည့်ဝစွာ ရည်ညွှန်းထုလုပ်ထားသည့် သီဟာသနပလ္လင် နှစ်ခုအနက် မင်းမိဖုရားနှစ်ပါးသည် မြေနန်းပြသာဒ်တွင်ထားရှိသည့် ပလ္လင်တွင်ထိုင်၍ နှစ်သစ် ကူးကာလ၊ ဝါဝင်နှင့် ဝါထွက်ကာလများတွင် မင်းညီမင်းသား စော်ဘွားမှူးမတ်များ၏ ကန်တော့ခြင်းကို ခံယူလေ့ရှိသည်။ ရှင်ဘုရင်သည် နိုင်ငံခြားသံတမန်များကို လက်ခံ တွေ့ဆုံချိန်၊ ကျွန်တော်မျိုးများကို သစ္စာရေတိုက်ချိန်များတွင်လည်း မြေနန်းဆောင် ရှိ သီဟာသနပလ္လင်တွင် ထိုင်တော်မူလေ့ရှိပြီး ယင်းအချိန်များတွင် ပလ္လင်တစ်ဖက်စီ တွင် ထီးဖြူလေးလက်စီကို ဖွင့်ထားရပေသည်။
ဘုရင်မင်းမြတ်သည် လွှတ်တော်တွင်ထားရှိသည့် သီဟာသနပလ္လင်တွင် ထိုင် တော်မူလျက် အမိန့်တော်များပြန်သကဲ့သို့ တရားစီရင်လေ့လည်း ရှိသည်။ ရှင်ဘုရင် မလာရောက်နိုင်ပါက ဘုရင်မင်းမြတ်ကိုယ်စား အိမ်ရှေ့မင်းသား၊ လွှတ်တက်မင်းသား၊ လွှတ်တော်ဝန်ကြီးတစ်ဦးဦးက တရားစီရင်သည်။ သို့သော် ဘုရင်ကိုယ်စား တရား စီရင်သူတို့သည် သီဟာသနပလ္လင်တွင် မထိုင်ကြရဘဲ ပလ္လင်ကို လက်တစ်ဖက်ဖြင့် ထိလျက် တရားစီရင်ကြသည်။
ဝိတိုရိယဘုရင်မကြီးလက်ထက် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် မြန်မာနိုင်ငံ ကို အင်္ဂလိပ်များက သိမ်းပိုက်ခဲ့ကြပြီး မြန်မာဘုရင် သီပေါမင်းနှင့် မိဘုရားခေါင်ကြီး တို့ကို အိန္ဒိယနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ထီးသုဉ်းကြငှန်း သုဉ်းသွားပြီးနောက် လွှတ်တော်အတွင်းရှိ သီဟာသနပလ္လင်ကို အိန္ဒိယနိုင်ငံသို့ ယူ ဆောင်သွားခဲ့ကြပြီး ကလကတ္တားရှိ အိန္ဒိယပြတိုက်တွင် ထားရှိခဲ့သည်။ ၁၉၄၈ ခုနှစ် တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်မောင့် ဘက်တန်က နယူးဒေလီမြို့ရှိ အိန္ဒိယအစိုးရအိမ်တော်တွင် မြန်မာနိုင်ငံ လွတ်လပ် ရေးအခမ်းအနားကို ကျင်းပခဲ့စဉ် သီဟာသနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပေး အပ်လိုသည့်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လော့ဒ်မောင့်ဘက်တန်သည် မြန်မာနိုင်ငံမှ သယ်ယူသွားခဲ့သည့် သီဟာသန ပလ္လင်ကို မြန်မာပြည်သူများအား ပြန်လည်ပေးအပ်ရန် ဗြိတိသျှဘုရင်ဂျော့ထံ အကြံ ပြုခဲ့သည်။ ဘုရင်က သဘောတူညီခဲ့သဖြင့် ဗြိတိသျှအစိုးရသည် သီဟာသနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး လော့ဒ်မောင့်ဘက်တန်သည် ထိုစဉ်က မြန်မာနိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်ထံမှောက်၌ ၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက်တွင် သီဟာသနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
သီဟာသနပလ္လင်ကို ရန်ကုန်မြို့ အလုံလမ်းရှိ ထိုစဉ်က သမ္မတအိမ်တော်တွင် ထားရှိခဲ့ပြီး ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ဂျူဗလီခန်းမ(ယခု စစ်သမိုင်းပြတိုက် နေရာ၊ ရန်ကုန်)တွင် ဖွင့်လှစ်ခဲ့သော အမျိုးသားပြတိုက်သို့ ၁၉၅၉ ခုနှစ် စက်တင် ဘာလ ၁၂ ရက်တွင် ပြောင်းရွှေ့ပြသခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အမျိုးသားပြတိုက်ကို ဂျူဗလီခန်းမမှ ပန်းဆိုးတန်းလမ်းရှိ ဂရင်းလေးဘဏ်ဟောင်းနေရာ(နောင်တွင် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်)သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် ဖေဖော် ဝါရီလတွင် အများပြည်သူများကို ဖွင့်လှစ်ပြသခဲ့ရာ သီဟသနပလ္လင်သည် လာ ရောက်ကြည့်ရှုသူများ စိတ်ဝင်စားသည့် ပြကွက်တစ်ခုဖြစ်လာခဲ့သည်။
ယခုလက်ရှိ အမျိုးသားပြတိုက်(ရန်ကုန်)ကို ၁၉၉ဝ ပြည့်နှစ်တွင် စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်တွင် ဖွင့်လှစ်ခဲ့ကာ သီဟာ သနပလ္လင်ကို မြေညီထပ် ခန်းမ(၁)တွင် ခမ်းနားစွာ ခင်းကျင်းပြသထားသည်မှာ ယနေ့တိုင်အထိဖြစ်သည်။
ယင်းသီဟာသနပလ္လင်သည် ကုန်းဘောင်မင်းဆက်နှောင်းပိုင်းတွင် မြန်မာဘုရင် မင်းမြတ်များ စံမြန်းခဲ့သည့် ရာဇပလ္လင်ဖြစ်သည်။ သီဟာသနပလ္လင်ကို ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်တွင် ခရစ်နှစ် ၁၈၅၆ ခုနှစ်မှ ၁၈၅၇ ခုနှစ်အထိ နှစ်နှစ် အချိန် ယူ၍ တည်ဆောက်ခဲ့ပြီး ရတနာပုံမြို့တော် မြနန်းစံကျော်ရွှေနန်းတော် လွှတ်တော် ဆောင်တွင်ထားရှိကာ တရားစီရင်ရန် အသုံးပြုခဲ့ကြောင်း ယဉ်ကျေးမှုစာစောင် (၂ဝဝ၅)တွင် ဖော်ပြထားသည်။
သီဟာသနပလ္လင်သည် ပလ္လင်ခြေမှထိပ်ဖျားအထိ ၃၄ ပေ ၆ လက်မ မြင့်သည်။ ပလ္လင်ခြေမှ မင်းမိဖုရားထိုင်သည့် နေရာအထိ ၅ ပေ ၁၁ လက်မ မြင့်ပြီး တံခါး အမြင့်သည် ၇ ပေ ၅ လက်မဖြစ်သည်။ ကြေးကွေး ၃ ပေ ၁ဝ လက်မ၊ တောရဏ ၈ ပေ ၂ လက်မ၊ မှန်ကင်းတိုင် ၆ ပေ ၈ လက်မ၊ စိန်ပျံတိုင် ၂ ပေ ၇ လက်မ၊ ပလ္လင် အောက်ခြေ ခြင်္သေ့ရုပ်သွင်းများပါ အနံ ၁၂ ပေ ၁ လက်မ၊ ပလ္လင် ခါးသိမ်ကြာတန်း ၈ ပေ ၁ဝ လက်မ၊ ဥကင်တော် မုခ်ဝထုပ်တန်း ၄ ပေ ၅ လက်မ ရှိကြောင်း ဒေါက်တာ သန်းထွန်းက မြန်မာ့ထီးမူနန်းရာစာအုပ်တွင် ဖော်ပြထားသည်။ သီဟာသနပလ္လင်တွင် ချိတ်ဆွဲထားသည့် သူငယ်တော်ရုပ်၊ သိကြား၊ သမ္မာဒေဝ၊ ကိန္နရာ အစရှိသည့် အဆွယ်အပွားရုပ်များကိုလည်း မြန်မာ့ထီးမူနန်းရာစာအုပ်တွင် အသေးစိတ် ဖော်ပြထားသည်။ သီဟသနပလ္လင် ကုန်ကျစရိတ်သည် ထိုစဉ်က ငွေ ၄၆၃၄ ဒသမ ၉ ကျပ် ဖြစ်သည်။
တိုင်းကြီးပြည်ကြီး ထီးဆောင်းနန်းနေ ပဒေသရာဇ်၊ ဧကရာဇ်မင်းတို့၏ ဦးညွှတ်ရာ ရွှေပြည်ရွှေနန်း၌ အသုံးအဆောင် အခေါ်အဝေါ်များသည် ရှည်ကြာ၍ တိမ်မြုပ်သည့် အရာများလည်း ရှိသည်။ ရှည်လျား၍ စကားရွေ့သည့်အရာလည်း ရှိသည်ဟု ရွှေဘုံ နိဒါန်းကျမ်းတွင် ပဋိညာဉ်ရေးသားထားသည့်အတိုင်း မြန်မာရှင်ဘုရင်များ သုံးစွဲခဲ့ သည့် အသုံးအဆောင်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပလ္လင်များကို ခေတ် လူငယ်များ သိရှိမှုနည်းပါးလာခဲ့သည်။ မဝေးကွာလှသေးသောအချိန်က မြန်မာတို့၏ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခဲ့သည့် အထောက် အထားတစ်ရပ်ဖြစ်သည့် သီဟာသနပလ္လင်သည် မြန်မာလူမျိုးအားလုံး၏ ယဉ်ကျေး မှုအမွေအနှစ်တစ်ခုဖြစ်ပြီး ပြည်သူများ မြတ်နိုးတန်ဖိုးထားရသည့် ထီးမွေနန်းမွေ တစ်ရပ်အဖြစ် ခံ့ညားထည်ဝါစွာ တည်ရှိနေပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
ကိုးကား
မြန်မာ့စွယ်စုံကျမ်းအတွဲ(၇)
ရွှေဘုံနိဒါန်း(ဇေယသင်္ခယာ)
မြန်မာ့ထီးမူနန်းရာ(ဒေါက်တာသန်းထွန်း

No comments:

Post a Comment

Popular Posts